သာသနဓဇ ဓမ္မာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ

ဆရာတော် ဒေါက်တာ အရှင်ဓမ္မပိယ

(၁၉၅၆ခုနှစ် - ၂၀၂၀ခုနှစ်)

 

ပါမောက္ခ မဟာဌာနမှူး (အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်)

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အုတ်ကလန်မြို့၊ မေတ္တာနန္ဒဝိဟာရ ဓမ္မရိပ်သာ၊

ရန်ကုန်မြို့၊ ငါးကျမ်းပြန်(ထားဝယ်)သာသနာ့ရိပ်သာနှင့်

အပြည်ပြည်ဆိုင်ရာ မေတ္တာနန္ဒဝိဟာရ ဓမ္မရိပ်သာကျောင်းများ၏ ပဓာနမဟာနာယကဆရာတော် ထေရုပ္ပတ္တိအကျဉ်း

 

ဆရာတော်လောင်းလျာကို စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ရွှေနားချောင်းကျကျေးရွာ၊ ခမည်းတော် ဦးထွန်းစ နှင့် မယ်တော် ဒေါ်သိန်းရီတို့မှ ၁၃၁၇-ခုနှစ်၊ နယုန်လဆန်း(၁၄)ရက်၊ စနေနေ့တွင် မီးရှုးသန့်စင် ဖွားမြင်တော်မူခဲ့ပါသည်။                                               

၁၃၂၅-ခုနှစ်၊ ဝါဆိုလ အသက်(၈)နှစ်မှာ သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ ၁၃၃၇-ခုနှစ်၊ တပို့တွဲ လပြည့်ကျော် (၈)ရက်နေ့၊ တန့်ဆည်မြို့နယ်၊ ဗျက်ကြီးကျေးရွာ ဗျက်ကြီး ကျောင်းတိုက် ခဏ္ဍသိမ်တော်၌ ပိုးဇာကုန်းရွာ၊ လက်ထုပ်ကုန်းကျောင်းဆရာတော် ဘဒ္ဒန္တတေဇဝန္တကို ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။

 

စာပေပရိယတ္တိသင်ယူခြင်းများ

ရေဦးမြို့ မင်္ဂလာရာမကျောင်းတိုက် အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဦးအာစာရာဘိဝံသနှင့် နာယက ဆရာတော်များ၊ ပဲခူးမြို့ သာသနာ့မဏ္ဍိုင်ကျောင်းတိုက်၊ အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော်ဦးသံဝရ နှင့် နာယကဆရာတော်များ၊ ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ညောင်တုန်းကျောင်းတိုက် အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော် ဦးသောဘဏနှင့် နာယကဆရာတော်များ၊ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၊ ကမာကျေးရွာ ဒီပါရုံပရိယတ္တိစာသင်တိုက် အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဦးဝိမလဗုဒ္ဓိ စသော ဆရာတော်များထံမှ ပရိယတ္တိစာပေများကို သင်ယူခဲ့ပါသည်။

 

ပဋိပတ္တိတရားအားထုတ်တော်မူခြင်း

ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာမှာ ပဋိပတ္တိ တရားတော်များ မဟာစည် နည်းကျ ကျေနပ် အားရသည်အထိ အားထုတ်တော်မူခဲ့ပါသည်။

 

အောင်မြင်ခဲ့သည့် စာမေးပွဲများ

  • ၁၉၈၀-ခုနှစ်တွင် သာသနာ့ ဓဇဓမ္မာစရိယဘွဲ့ကို၎င်း၊ ၁၉၉၇-ခုနှစ်တွင် ကာလီဖိုးနီးယား ပြည်နယ်၊ ဆန်ဟိုဆေးမြို့၊ San Jose State University မှ B.A. (Comparative Studies) ဘွဲ့
  • ၁၉၉၈-ခုနှစ်တွင် “ဗုဒ္ဓဘာသာနှင့် ကိုယ်ကျင့်သိက္ခာ" စာတန်းဖြင့် M.A. (Philosophy) ဘွဲ့
  • ၂၀၀၃-ခုနှစ်တွင် California Institute, San Francisco မှ "နိဗ္ဗာန်အယူအဆကို ထေရဝါဒရှုထောင့်မှ လေ့လာသုံးသပ်ခြင်း" စာတမ်းဖြင့် Ph.D (Philosophy) ဘွဲ့

 

စာပေများပို့ချတော်မူခြင်း

  • မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကမာကျေးရွာ ဒီပါရုံ ပရိယတ္တိစာသင်တိုက်၌ စာသင်သားများအား ပရိယတ္တိ စာပေများကို ပို့ချခြင်း၊
  • ရန်ကုန်မြို့၊ မဟာစည် သာသနာ့ရိပ်သာကြီး၌ လည်းကောင်း၊ မေတ္တာနန္ဒဝိဟာရဓမ္မရိပ်သာ (အမေရိကန်နိုင်ငံ)၌ လည်းကောင်း နွေရာသီ ယဉ်ကျေးမှု သင်တန်းသားများအား ပရိယတ္တိစာပေများကို လည်းကောင်း၊
  • ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ၌လည်းကောင်း ပရိယတ္တိမဟာဌာနမှူး တာဝန်ယူ၍ ပရိယတ္တိစာပေများကို ပို့ချပေးခဲ့ပါသည်။

 

ရေးသားထုတ်ဝေပြီးစာအုပ်များ

  • လှိုက်လှဲစွာ ကြိုဆိုပါသည်
  • ဗုဒ္ဓဘာသာဝင်များနှင့် နတ်ကိုးကွယ်မှု ရှင်းတမ်း
  • နိဗ္ဗာန် အယူအဆကို ထေရဝါဒရှထောင့်မှ လေ့လာသုံးသပ်ခြင်း
  • ဘိုးတော် ဝိဇ္ဇာယုံကြည်ကိုးကွယ်မှုကို ထေရဝါဒရှုဒေါင့်မှ လေ့လာသုံးသပ်ခြင်း
  • ဒီမိုကရေစီနှင့် ဗုဒ္ဓဝါဒီ
  • ငြိမ်းချမ်းရေး စည်တော်ကြီးကို မည်သူတွေ တီးခတ်ကြမည်နည်း
  • မေတ္တာရိပ်အောက်မှာ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ
  • သမ္မတကြီးထံသို့ အိပ်ဖွင့်ပေးစာနှင့် အမျိုးသားရေးဆောင်းပါးများ
  • Realization of the Dhamma
  • Understanding in Vipassana Meditation
  • Buddhist Ethics in Daily Life
  • Nibbāna in Theravāda Perspective
  • ဆောင်းပါးများစွာကို ရေးသားတော်မူခဲ့ပါသည်။

 

သာသနာရေးတာဝန် ဆောင်ရွက်တော်မူခဲ့ခြင်း

  • ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်၊ ငါးကျမ်းပြန် သာသနာ့ရိပ်သာ၌ ရှင်သာမဏေ အပါး (၁၀၀) ကျော်တို့အား ပဓာနနာယက ဆရာတော်တစ်ပါးအဖြစ် တာဝန်ယူ၍ ပရိယတ္တိစာပေများကို သင်ကြားပို့ချပေးခြင်း၊
  • အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် (International Theravada Buddhist Missionary University) ၌ ပရိယတ္တိ မဟာဌာနမှူး အဖြစ် တာဝန်ယူလျက် ပရိယတ္တိ သာသနာပြု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်း၊
  • ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာ၌ တရားဟောတရားပြ ကမ္မဋ္ဌာနာစရိယ တာဝန်၊
  • မလေးရှားနိုင်ငံ၊ ပီနန်မြို့၊ Malaysia Buddhist Meditation Center ၌ ကျောင်းထိုင်ဆရာတော်၊ ကမ္မဋ္ဌာန်းဆရာတော်အဖြစ် (၅)နှစ်တိုင်တိုင် ပဋိပတ္တိတာဝန်၊
  • အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်၊ ဆန်ဟိုဆေးမြို့၊ Tathgata Meditation Center ၌ (၈)နှစ်တိုင်တိုင် ကျောင်းထိုင်ဆရာတော်၊ ကမ္မဋ္ဌာန်းဆရာတော်တာဝန်၊
  • ဖရီးမောင့်မြို့ မေတ္တာနန္ဒဟာရ တရားရိပ်သာ၌ ကျောင်းထိုင်ဆရာတော်၊ ကမ္မဋ္ဌာန်းဆရာတော်တာဝန်၊
  • မလေးရှား၊ စင်္ကာပူ၊ ထိုင်း၊ နီပေါ၊ သီရိလင်္ကာ၊ ဂျပန်၊ ကနေဒါ၊ သြစတြေးလျ၊ ဂျာမဏီ၊ အင်္ဂလန်၊ ဆွစ်ဇာလန် စသောနိုင်ငံများသို့ သွားရောက်လျက် ဗုဒ္ဓအလိုကျ မဟာစည်နည်းဖြင့် ဝိပဿနာ တရားတော်များကို ဟောကြားပြသတော်မူခဲ့ပါသည်။

 

ဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပူဇော်ခံရခြင်း

  • ၂၀၁၂-ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသော အဂ္ဂမဟာသဒ္ဓဓမ္မဇောတိကဓဇဘွဲ့ တံဆိပ်ကို ပြည်ပဘွဲ့ခံ အနေနှင့် လည်းကောင်း၊
  • ၂၀၁၄-ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတကြီးမှ ဆက်ကပ်လှူဒါန်းသော နိုင်ငံ့စွမ်းဆောင်ရည်ဆုကို လည်းကောင်း ဆက်ကပ်လှူဒါန်းခြင်းကို ခံယူတော်မူခဲ့ပါသည်။

 

အခြားသာသနာပြုလုပ်ငန်းများ

  • ငါးကျမ်းပြန် သာသနာ့ရိပ်သာတွင်းဝယ် မေတ္တာနန္ဒ ကုသိုလ်ဖြစ်ဆေးခန်း နှင့် မေတ္တာနန္ဒ စာကြည့်တိုက် တို့ကို ဖွင့်လှစ်ပေးထားခြင်း၊
  • နာဂစ်ဒေသများသို့ သွားရောက်ပြီး အကြိမ် (၂၀)ကျော် သွားရောက်ကူညီပေးခဲ့ခြင်း၊
  • ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွာသစ်ကျေးရွာ (နွယ်ခွေအုပ်စု)၌ မေတ္တာနန္ဒ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် မေတ္တာနန္ဒ ပရဟိတဂေဟာ၊
  • ကျိုင်းတုံမြို့၊ ကျိုင်းဖေါင်းရပ်၊ ဇေတဝန်ပရိယတ္တိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့ကို ဖွင့်လှစ်ပေးလျက် မိဘမဲ့ကလေးများနှင့် ဆင်းရဲနွမ်းပါးသော ကျောင်းသား၊ ကျောင်းသူများအား ကူညီထောက်ပံ့ပေးခဲ့ခြင်း၊
  • မန္တလေးမြို့ အောင်မြေသာဇံမြို့နယ်တွင် မေတ္တာနန္ဒ ဓမ္မဒူတကျောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် မေတ္တာနန္ဒ သာမဏေကျော်ကျောင်း ၊ ပဲခူးတိုင်းဒေသကြီး ဘုရားကြီးမြို့တွင် မေတ္တာနန္ဒ ကံ့ကော်တစ်ထောင်ရိပ်သာ၊ ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် မေတ္တာနန္ဒ ဝိဟာရ ဓမ္မရိပ်သာကျောင်း နှင့်
  • အမျိုးဘာသာ သာသနာတော်အရေးအတွက် ဘာသာရေးဆိုင်ရာ၊ ပညာရေးဆိုင်ရာ ဆောင်းပါးများကို ရေးသားခြင်း၊ ဗုဒ္ဓစာပေဆိုင်ရာ တရားစာအုပ်များကို ရေးသားခြင်း၊ ဗုဒ္ဓယဉ်ကျေးမှ အခြေပြုသင်တန်းများကို နှစ်စဉ်ဖွင့်လှစ်ပေးခြင်း၊
  • အမျိုးဘာသာ သာသနာတော်အတွက် ဘာသာရေးညီလာခံများကို တက်ရောက်ခြင်း စသော သာသနာတာဝန်များကို စွမ်းနိုင်သမျှ ဆောင်ရွက်တော်မူခဲ့ပါသည်။

ဆရာတော်သည် ၂၀၂၀ခုနှစ် သြဂုတ်လ(၁၀)ရက်၊တနင်္လာနေ့ နံနက်(၈)နာရီအချိန်တွင် အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်၊ ဖရီးမောင့်မြို့၊ ဝါရှင်တန်ဆေးရုံတွင် တစ်ဘဝခန္ဓာ ငြိမ်းအေးတော်မူခဲ့ပါသည်။